နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၇ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် မဟာ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဒုတိယ ဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဩဘာသာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြသည်။
မင်္ဂလာအခမ်းအနားမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာ့ဗိမာန်တော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းသည်။
အခမ်းအနားတွင် တက်ရောက်လာသော ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသဇ္ဈာယ် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ပဓာနနာယက ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေတာရှည် ဆရာတော် ဘဒ္ဒန္တ ဩဘာသထံ လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုန်းသာဆရာတော် ဘဒ္ဒန္တ ဝိလာသထံ လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ဇနီး ဒေါ်နန့်ကြင်ကြည်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေဦး ဆရာတော် ဘဒ္ဒန္တ ဥတ္တမဉာဏာ ဘိဝံသ ထံလည်းကောင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ ထံလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ကန်သုံးဆင့်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသထံ လည်းကောင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရည်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ် ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေးသက်တို့က ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ပဓာနနာယကဆရာတော်ထံမှ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။