ရန်ကုန်၊ ဩဂုတ် ၁၇
သံအမတ်ကြီး(အငြိမ်းစား)၊ ဗိုလ်မှူးချုပ်ဟောင်း၊ စည်သူ၊ သရေစည်သူ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း အသက် (၁၀၁) နှစ်ရှိ ဦးအောင်ရွှေ၏ ဈာပနအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေး သုဿန်၌ ပြုလုပ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေသည် ဩဂုတ် ၁၃ ရက် ညပိုင်းက ရန်ကုန်မြို့ ရှိ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ် ကာ အရိုးပြာကို ဂူသွင်းခဲ့သည်။
ဦးအောင်ရွှေ၏ ဈာပနသို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ဆွေမျိုးမိတ်သင်္ဂဟများ၊ မိသားစုဝင်များ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။
အဆိုပါ ဈာပန အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုအမှတ်တရ စကားပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီတို့က ဂုဏ်ပြုအမှတ်တရ စကားပြောကြားပြီး အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့်က ဦးအောင်ရွှေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်ကြားသည်။
ယင်းနောက် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဂါရ၀ပြု အမိန့်ပြန်တမ်း ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။