နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်က မိတ်ဆက်စကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲဖြစ်စေသည့် အခြေအနေများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေး ထိုးရေး၊ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများ အရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတူ စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်၊ သိက္ခာတော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်၊ သိက္ခာတော်ရဆရာ ခေါဘောမ်၊ သိက္ခာတော်ရ ဆရာ ဂွန်ထန် ခွန်နောင်၊ သိက္ခာတော်ရဆရာ လထော်ခွန်နောင်၊ သိက္ခာတော်ရဆရာဒေါင်ခေါင်၊ သိက္ခာတော်ရဆရာ ထွန်းနော်၊ သိက္ခာတော်ရဆရာ လဖိုင်ဇော်ရာ၊ သိက္ခာတော်ရ ဆရာ မရန်ဇော်မန်၊ ဖော်ရမ်ခါးလီ၊ ဒေါ်ဂျာနန်တို့ တက်ရောက်ကြသည်။