နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေကို သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို နှင့် တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိကျန်းမာရေး အခြေအနေနှင့် တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင်ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး စကားပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသဖြင့် မေ ၁၈ ရက်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးဝါး ကုသမှုခံယူနေခြင်းဖြစ်သည်။ လက်ရှိကာလတွင် သတိကောင်းစွာရရှိပြီး လေဖြတ်ထားသည့် ခန္ဓာကိုယ် အခြမ်းသည် လှုပ်ရှားလာနိုင်သည့်အပြင် အပျော့စား အစားအစာများကိုလည်း စားသုံးနိုင်သည်အထိ ကျန်းမာရေး တိုးတက်မှုရှိလာကြောင်း သိရသည်။
ထို့အပြင် ပုံမှန်အားဖြင့် နာရီဝက်ခန့်ထိုင်နိုင်ပြီဖြစ်၍ ဆီးပိုက်ကိုလည်း ဖြုတ်ထား နိုင်ပြီဖြစ်ကြောင်း၊ သို့သော်စကားပီသစွာ ပြောဆိုနိုင်ရေးနှင့် လေဖြတ်ထားသည့် ခန္ဓာကိုယ်အခြမ်း ပုံမှန်လှုပ်ရှားနိုင်ရေး တို့အတွက် လေ့ကျင့်ခန်းများ ဆက်လုပ်သွားရန် လိုအပ်ကြောင်းသိရသည်။