ညောင်ဦးမြို့နယ်တွင် ပြန်လည်စွန့်လွှတ်မြေ ၁၆ ဒသမ ၄၇ ဧကအတွက် တောင်သူများထံသို့ ပုံစံ(၃) ပေးအပ်
ပြန်လည်စွန့်လွှတ်မြေများ တောင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းကို မိမိတို့ရပ်တန့်ခြင်းမရှိဘဲ တတ်နိုင်သမျှ မြန်မြန်ပြန်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောကြားခဲ့သည်။
ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်သော ပြန်လည်စွန့်လွှတ်မြေများအတွက် တောင်သူများသို့ ပုံစံ(၃)ပေးအပ်ပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနက တောင်သူ ၆ ဦးထံမှ ၁၉၉ဝ ခုနှစ်က သိမ်းဆည်းခဲ့သည့် ဦးပိုင်(၇)ခု၊ ၁၆ ဒသမ ၄၇ ဧကအား ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြန်လည်စွန့်လွှတ်၍ ပုံစံ (၃) များထုတ်ပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
“ဘာပဲပြောပြောမူလတောင်သူလယ်သမားတွေရဲ့ လက်ထဲကို မြေတွေပြန်ပေးနိုင်တာဟာ အစိုးရအနေနဲ့ကျေနပ်အားရပါတယ်၊ ကော်မတီအဆင့်ဆင့်က ကြိုးစားပမ်းစားဆောင်ရွက်ပေးပါတယ်၊ ပုံစံ ၇ ပေးအပ်နိုင်ဖို့လည်း ဆက်လက်ဆောင်ရွက်ပေးဖို့ အမှုတွဲတည်ဆောက်ပြီး အမြန်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ သွားမှာဖြစ်ပါတယ်၊ ဒီလုပ်ငန်းကို ကျွန်တော်တို့မရပ်တန့်ပါဘူး၊ တတ်နိုင်သမျှ မြန်မြန် တောင်သူလယ်သမားတွေလက်ထဲ သိမ်းဆည်းမြေတွေပြန်ရောက်ဖို့ ကြိုးစားပမ်းစားဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ဝန်ကြီးချုပ်က သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ တစ်လတစ်ကြိမ်ပုံမှန် အစည်းအဝေးလုပ်၍ တောင်သူများ လက်ထဲရောက်အောင် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းအဆင့်ဆင့်ကြောင့် ကြံ့ကြာမှုများရှိနေသေးသကဲ့သို့ အားမလိုအားမရဖြစ်ကြသူများ လည်းရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် အဆိုပါလုပ်ငန်းများအား ၇ဝ ရာခိုင်နှုန်း လောက်ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း၊ အဓိကမှာ မူလတောင်သူ စစ်ဖို့အရေးကြီးပြီး မိမိတို့အနေဖြင့် မြေယာမူ၀ါဒနှင့်အညီစိစစ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က တောင်သူဒေါ်မာမာ၀င်း၊ ဦးအောင်မင်း၊ ဒေါ်ရင်၊ ဦးရဲတင့်၊ ဦး၀င်းမြင့်သန်း၊ ဦးသန်းဆွေစသည့် တောင်သူ ၆ ဦးထံသို့ ပုံစံ(၃) စာရွက်စာတမ်းများကိုပေးအပ်သည်။
“ကျွန်တော်တို့ ယာမြေတွေကိုဌာနကသိမ်းယူခဲ့ပြီး လျော်ကြေးတစ်စုံတရာမရခဲ့ပါဘူး၊ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်၊ ပြန်ရပါမလားလို့တောင်မတွေးရဲခဲ့ပါဘူး၊ ဒီနေ့မှာတော့ အစိုးရကတောင်သူများအပေါ် အလေးထားဆောင်ရွက်ပေးလို့ ကျွန်တော်တို့ မြေတွေ ပြန်ရခဲ့ပါပြီ၊ ပြန်လည်စွန့်လွှတ်ပေးတဲ့ဌာနနဲ့ ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်”ဟု တောင်သူ ဦးအောင်မင်းက ကျေးဇူးတင်စကားတွင် ပြောကြားခဲ့သည်။
MRG