နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မေ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပမည့် Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ကူမင်းမြို့သို့ရောက်ရှိရာ ယူနန် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Chen Shun၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက ကူမင်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် အထူး လေယာဉ်ဖြင့် ဆက်လက် ထွက်ခွာပြီး ဒေသစံတော်ချိန် ညနေ ၅နာရီခွဲတွင် ပေကျင်းမြို့ သို့ရောက်ရှိရာ ဘေကျင်း မြူနီစပယ်အစိုးရ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရန့် ဒုတိယဥက္ကဋ္ဌ Mr. Wang Yongqing၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်း၊ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် တာဝန်ရှိသူများက ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိပြီး ညအိပ် ရပ်နားကြသည်။
ညီလာခံဖွင်ပွဲအခမ်းအနားကို မေ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ထို့နောက် အဆင့်မြင့် အစည်းအဝေးပွဲများကို ကျင်းပရန်ရှိကြောင်း၊ မေ ၁၅ ရက်တွင် နိုင်ငံတကာခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို တနေကုန်ကျင်းပ မည်ဖြစ်ပြီး သမ္မတ မစ္စတာ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres၊ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
အဆင့်မြင့် စုံညီအစည်းအဝေးပွဲတစ်ရပ်နှင့်အတူ သီးခြားစင်ပြိုင် ဆွေးနွေးပွဲ ၆ ခုကို ကျင်းပ သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများတွင် ကဏ္ဍပေါင်း ၈ ခုကို ဦးစားပေးမည်ဖြစ်ကြောင်း သိရပြီး အခြေခံယန္တရားအဆောက်အဦး၊ စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု၊ စွမ်းအင်နှင့် သံယဇာတကဏ္ဍ၊ ငွေကြေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူများ အကြား အပြန်အလှန်ဖလှယ်သည့် အစီအစဉ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်း သွားလာမှုတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ပါ ဝင်ကြောင်း သိရသည်။