နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူးဒိုး၊ ဆွီဒင်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန်အာလင်းနှင့် ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့၏ ဖိတ်ကြားချက်များအရ ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေး ခရီး သွားရောက်ရန် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ လော့ဖန်း (Mr. Loc Pham) ၊ ဆွီဒင်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စတာ ဂျိုဟန် ဟာလ်လန်ဘော့ (Mr. Johan Hallenborg) နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့၏ ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ အဆင့်ဆင့် ပြောင်းလဲကျင့်သုံးခဲ့မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။