နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၄နာရီ မိနစ် ၂၀တွင် တရုတ်ပြည်သူ့ခန်းမကြီး (Dongdating Hall)၌ လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီခချန်းတို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီခွဲတွင် တရုတ်ပြည်သူ့ခန်းမရှိ (Beijing Hall)၌ လည်းကောင်း တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဖြစ်ထွန်းပြီးဖြစ်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံ ရေးကိုအခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဘက် အဆင့်မြင့်ခေါင်းဆောင်များအကြား ချစ်ကြည် ရေးခရီးများ အပြန်အလှန်လည်ပတ်သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေး နွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းကြီးများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒုတိယ ၀န်ကြီး ဦးကျော်တင်၊ ဦးအောင်ထူး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ်တို့ တွေ့ဆုံပွဲအပြီးတွင် အဆိုပါခန်းမ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာသံအမတ်ကြီး ဦးသစ် လင်းအုန်း၊ တရုတ်စီးပွားရေးဝန်ကြီး H.E.Mr. Zhong Shan၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr.ZhangYong၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံ ခန့်ခွဲရေးကော်မရှင်ဝန်ကြီး H.E.Ms. Li Bin၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဝန်ကြီး H.E.Mr. Liu Yuzhu တို့က နှစ်နိုင်ငံ သဘောတူစာချုပ် ၅ စောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် လီခချန်းတို့ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။
ယနေ့ကျင်းပသည့် နှစ်နိုင်ငံသဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲတွင် “စီးပွား ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီ ချက်စာချုပ်”၊ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး နားလည်မှုစာချွန်လွှာ”၊ “စီးပွားရေးပိုးလမ်းမ ရပ်ဝန်းတစ်ခုနှင့် (၂၁)ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ”နှင့် “ငလျင်အလွန် ပုဂံရှိသမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ပေကျင်းမြို့ရှိ Anzhen Hospital သို့သွားရောက်ပြီး မြန်မာနိုင်ငံမှ နှလုံးရောဂါခံစားနေရ သည့် ကလေးငယ်များအား ခွဲစိတ်ကုသမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။
အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ်သည် ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ပြီးနောက် အကောင်အထည်ဖော်သည့် အစီအစဉ်ဖြစ်ပြီး တရုတ် အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၏ “နယ်နိမိတ် အကန့်အသတ်မရှိသည့် ချစ်မေတ္တာ စိတ် ဖြင့်မြန်မာနိုင်ငံတွင် မွေးရာပါ နှလုံးရောဂါစွဲကပ်နေသည့် ကလေးသူငယ်များအား ကုသကယ်တင်ရေး” လှုပ်ရှားမှု ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများရှိ မွေးရာပါနှလုံးရောဂါခံစား နေရသည့် ကလေးသူငယ် ၁၀၀ ဦးခန့်အနက်မှ ၅၄ ဦးကို တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခေါ်ယူ ခွဲစိတ်ကုသပေးနိုင်ရန် ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကြီး၌ ရောဂါရှာဖွေစမ်း သပ်စစ်ဆေးမှုများကို ဆောင်ရွက်ပြီး မွေးရာပါနှလုံး ရောဂါဝေဒနာရှင် ကလေးငယ် ၅၄ ဦးကို ရွေးချယ်ကာ ယခုဆေးရုံကြီး၌ ခွဲစိတ်ကုသပေး နေခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့အချိန်အထိ ပေကျင်းမြို့သို့ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ၁၂ ဦးရောက်ရှိပြီး ဆေးဝါးကုသမှုခံယူ လျက်ရှိရာ ဝေဒနာရှင် ကလေးငယ် ၈ ဦးအား အောင်မြင်စွာ ခွဲစိတ် ကုသပေးပြီးဖြစ်ကြောင်းသိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Chinese People Political Consultative Conference ဒုတိယဥက္ကဋ္ဌ Mr.Wang Jiarui ကတည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်သည်။
ဒေသစံတော် နံနက် ၇ နာရီခွဲကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၀န်ကြီး မစ္စတာ စုန်တောင်းက တည်ခင်း ဧည့်ခံသည့် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့သည်။