မိုင်းတုံ ဖေဖော်ဝါရီ ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်း တွင် သံလွင်မြစ်ကူးတံတား(တာဆန်း) တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်တော်တင် တွင်းတော် ဝန်းပေးသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျွန်မတို့နိုင်ငံမှာ ပထဝီ အနေအထားအရ ရေ၊မြေ၊တော၊တောင်ဆိုပြီးရှိပါတယ်။
ဒီနိုင်ငံမှာ သဘာဝပတ်ဝန်း ကျင်ကို တန်ဖိုးထားဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီဘက်က တောတောင် တွေက ထူထူထပ်ထပ်နဲ့တည်ရှိနေတယ်ဆိုတာ ဒီဘက်က ပြည်သူလူထုက မိမိတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို လေးစားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ တောတောင် ရေမြေ အားလုံးသင့်တင့်မျှတမှ တောတောင်ရေမြေကို မှီတင်းနေထိုင်နေရတဲ့ ပြည်သူ၊ ပြည်သားတွေအတွက်လည်း ချမ်းမြေ့မှုရနိုင်မှာဖြစ်ပါတယ်။
နိုင်ငံရဲ့ မြစ်သွယ်ကြီးတွေထဲမှာဆိုရင် သံလွင်မြစ်ဟာ မြစ်သွယ်ကြီးတစ် ခုဖြစ်ပါတယ်။ သံလွင်မြစ်ပေါ်မှာ တံတား(၉)စင်းရှိတဲ့အနက် (၅)စင်းဟာ ရှမ်းပြည်နယ် အတွင်းမှာရှိပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တံတား(၅)စင်းဟာ တည်ဆောက် ရုံနဲ့မပြီးပါဘူး။ ထိန်းသိမ်းဖို့ ဆိုတာလည်း အင်မတန်မှ အရေးကြီးပါတယ်။ တံတား (၅)စင်းထဲမှာဆိုရင် ကွမ်းလုံတံတားနဲ့ တာကော်တံတားကိုလည်း အသစ်ပြုပြင်မွမ်းမံဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တံတားတစ်ခုဟာ ဆောက်ပြီးသွားရင် အချိန် ကာလအားလျော်စွာ ဆွေးမြေ့လာတယ် ခေတ်နဲ့အညီပြန်ပြီးတော့ မွမ်းမံဖို့လိုအပ် လာတယ်။ ကွမ်းလုံတံတားဆိုရင် (၅၄)နှစ်ရှိသွားပါပြီ။ တာကော်ဆိုရင်(၄၅)နှစ်ရှိသွား ပါပြီ။ ဒါတွေက ပြုပြင်ရမယ့် အချိန်ရောက်လာပါပြီ။ တာဆန်းတံတားကိုလည်း ပန္နက် ရိုက်ပြီးတော့ အသစ်ဖွင့်လှစ်ပြီးတဲ့အခါမှာ ဆက်ပြီးတော့ ထိန်းသိမ်းသွားဖို့ ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တံတားတွေနဲ့ ပတ်သက်တဲ့ တာဝန်ဆိုတာ နိုင်ငံနဲ့ပတ်သက်တဲ့တာဝန်တွေပဲဖြစ်ပါတယ်။
နိုင်ငံကြီးတည်တံ့ခိုင်မြဲဖို့ အေးချမ်းသာယာဖို့ဆိုရင် အစဉ်အမြဲဆက်လက်ပြီး တော့ ငြိမ်းချမ်းရေး၊ အေးချမ်းရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်းသွားရမှာပါ။ ဘယ်ပဲ ရောက်ရောက်ပြည်ထောင်စုစိတ်ဓာတ်မွေးဖို့ အားပေးပါတယ်။ ပြည်ထောင်စု စိတ်ဓာတ် မွေးတယ်ဆိုတာ ပြည်ထောင်စုကို ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားဖို့ တစ်နေ့ထက် တစ်နေ့ခိုင်မြဲအောင်လို့ ပျက်စီးယိုယွင်းလာတာတွေရှိရင် အသစ်ပြုပြင်ဖို့ဒီဟာတွေ လုပ်ဖို့တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။
ကျွန်မတို့နိုင်ငံ ဟာတိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် ပိုပြီးတော့လည်း ဂုဏ်ယူနိုင်ပါ တယ်။ တိုင်းရင်းသားပေါင်းစုံ အေးအေးဆေးဆေး ချစ်ချစ်ခင်ခင်နဲ့နေနိုင်တဲ့နိုင်ငံဟာ အတွင်းအင်အားရှိတဲ့နိုင်ငံလို့ ပြောလို့ရပါတယ်။ အတွင်းအင်အားနဲ့ အပြင်အင်အား ရုပ်ပိုင်းဆိုင်ရာအရမှာ အားသန်သင့်သလောက် အားမသန်သေးဘူးဆိုပေမယ့် အဓိကကျတာက အတွင်းအင်အားဖြစ်တဲ့ စိတ်ပိုင်း ဆိုင်ရာ အင်အားတွေကို ပြုစုပျိုးထောင်ဖို့ ဖြစ်ပါတယ်။
တံတားတွေဆိုတာ မြစ်ကိုဖြတ်ကျော်ဖို့ဖြစ်ပါတယ်။ တံတားမရှိရင် ဖောင်နဲ့ ဖြတ်ကျော်လို့ရတယ်။ လှေတွေ ဖောင်တွေနဲ့ဖြတ်ကျော်တာဟာ ပိုပြီးတော့လည်း အချိန်ကြာတယ်။ ပိုပြီးတော့လည်း ပင်ပန်းတယ်။ ရာသီဥတုအရ အန္တရာယ်တွေ လည်းရှိပါတယ်။ တံတားတစ်ခုတည်ဆောက်လိုက်တာဟာ မြစ်မှာရှိတဲ့အန္တရာယ် တွေကို အချိန်မရွေးဖြတ်ကျော်နိုင်တဲ့သဘောပါပဲ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ တံတားလိုပါပဲ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အန္တရာယ် တွေကို ကျော်လွှားနိုင်တဲ့ တံတားတစ်ခုပဲဖြစ်ပါတယ်။
တံတားအသစ်တွေ တည်ဆောက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်း ဆိုင်ရာအရ သုံးသပ်ဆင်ခြင် စဉ်စားဖို့အများကြီးဖြစ်ပေါ်လာပါတယ်။ တံတားတစ်ခု တည်ဆောက်ဖို့ဆိုတာ ပထမဦးဆုံးအားဖြင့် ဆန္ဒလိုအပ်ပါတယ်။ ဒီနေရာမှာတော့ တံတားတည် ဆောက်ဖို့လိုပြီ တံတားတည်ဆောက်မှသာ အခက်အခဲတွေကို ကျော်ဖြတ်လို့ရမယ် ဆုံးဖြတ်ပြီးတော့ စီစဉ်လိုက်တာဖြစ်ပါတယ်။ စီစဉ်ယုံနဲ့ မပြီးသေး ဘူး။ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ချက် တွေရှိနေပါတယ်။ ပထမဦးဆုံး ငွေကြေးအရ လိုအပ်ချက်တွေရှိတယ်။ နည်းပညာ အရလိုအပ်ချက်တွေရှိပါတယ်။ ငွေရေးကြေးရေးလဲရှိမယ်။ နည်းပညာလည်းရှိမယ် ပထမဦးဆုံးရှိတဲ့ ဆန္ဒပေါ်မှာ အခြေခံပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင် စီမံကိန်း များအောင်မြင်နိုင်ပါတယ်။
ဆန္ဒရှိပြီးတော့ တကယ်ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးရမယ့် ငွေရေးကြေး ရေး၊ နည်းပညာတို့မပံ့ပိုးပေးဘူးဆိုရင် အထမြောက်မှာမဟုတ်ပါဘူး။ လုပ်ငန်း တစ်ခု လုပ်ပြီဆိုရင် အဖက်ဖက်ကကြည့်ရပါတယ်။ တကယ်အောင် မြင်မှုလိုပြီဆိုရင် လုံ့လ ဝီရိယစိုက်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ဖို့ဆို ရင်ဆန္ဒတစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေရှာရ မယ်။ အကောင်အထည်ဖော်တဲ့နေရာမှာဆိုရင် အပင်ပန်းခံသင့်တဲ့ နေရာမှာ အပင် ပန်းခံရမယ်။ ကြိုးစားသင့်သလောက်ကို ကြိုးစားရပါလိမ့်မယ်။ အချင်းချင်း ညီညွတ် ဖို့ကတော့ အဓိကကျပါတယ်။
တံတားတည်ဆောက်ဖို့ဆိုတာ ဘယ်လောက်လူတွေများများ ပါဝင်သလဲ ဆိုတာ ပြည်သူ၊ ပြည်သားများ သိပြီးသားပဲ ဖြစ်မှာပါ။ အခုကျွန်မလာတဲ့အခါမှာ အလုပ်လုပ် နေတဲ့အထဲမှာ ဒေသခံတွေသာမက နိုင်ငံရဲ့ရပ်ဝေးကနေရောက်လာတဲ့ ပြည်သူ၊ ပြည်သားတွေကိုလည်းတွေ့ရပါတယ်။ တကယ်အရေးကြီးရင် သွေးစည်းရ မယ်ဆိုတာ တကယ်လိုအပ်တဲ့ကိစ္စတစ်ခု ပေါ်လာပြီဆိုရင် ကျွန်မတို့ရဲ့နေတဲ့ဒေသ၊ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာ ဒါတွေကို မစဉ်းစားဘဲနဲ့ အားလုံးညီညီ ညွတ်ညွတ်နဲ့ လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ အချက်ကို အဓိကထားပြီးတော့ စဉ်းစားသွား ရမှာပါ။ ဒီလိုအဓိကထားပြီး ကြိုးစားသွားမှသာလျှင် တံတားလို စီမံကိန်းတစ်ခု အောင်မြင်နိုင်မယ်။
ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုတဲ့ တကယ့်စီမံကိန်းကြီးနဲ့ ပတ်သက် ရင် ဘယ်လောက်ညီညွတ်မှုလိုမလဲ။ ဘယ်လောက်လုံ့လဝီရိယနဲ့ အားထုတ်ဖို့ လိုမ လဲဆိုတာကို စဉ်းစားကြည့်မယ်ဆိုရင် မျက်ဝါးထင်ထင်မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် တံတားတစ်ခု တည်ဆောက်နိုင်မယ်ဆိုတာကလဲ ဘယ်လိုပဲပြောပြော ပြဿနာ တစ်ခုကို ကျော်လွှားနိုင်တာပဲ။ ပြဿနာဆိုတာကို တစ်ခုချင်း တစ်ခုချင်း ကျော်သွားရတယ်။ တစ်ခါတစ်လေ တစ်ခုမက အများကြီးကို တစ်ချိန်ထဲမှာ ကျော် လွှားရတယ်။ အဲဒီလို ကျော်လွှားဖို့ ကြိုးစားတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်တွေကို ဖြည့်ဆည်းပေးရမယ်။ ကိုယ့်ရဲ့အားသာချက်တွေကို တချို့ လူတွေကိုပြရမယ်။ လူများရဲ့အားသာချက် အားနည်းချက်တွေကို ပံ့ပိုးပေးရမယ်။ ဖြည့်ဆည်းပေးရမယ်။ ဒီလိုတစ်ယောက်ပေါ်တစ်ယောက် စေတနာ ထားပြီးတော့ ပညာပါပါနဲ့ ပညာဆိုတာ ပြောရမယ်ဆိုရင် အတန်းပညာကိုပြောတာမဟုတ်ပါဘူး။ ဆင်ခြင်တုံ တရားရှိခြင်းကို ပြောတာပါ။ ကျွန်မတို့ ရိုးရာအရ ပညာကို အဓိပ္ပာယ် ဖော်တဲ့အခါ အခြေအနေ တစ်ခုကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ခြင်းနဲ့ ဒီသုံးသပ်ချက် အရ အကောင်အထည်ဖော်နိုင်ခြင်းကို ပြောတာပါ။
တံတားတစ်ခုဆောက်တဲ့ ပညာလိုအခြေအနေ တစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်ရမယ်ဆိုတာ ဘယ်နေရာမှာ တံတားကို တည်ဆောက်ချင်းဟာ အကောင်း ဆုံးဖြစ်သလဲဆိုတာ ပထမအားဖြင့် သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဲဒါပြီးမှ တစ်ဆင့် ချင်းတစ်ဆင့်ချင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားရမှာပါ။ ကျွန်မတို့ပြည်ထောင် စုအားလုံးဟာ တစ်နေရာထဲမှာ စုပေါင်းပြီးတော့ သေးငယ်တဲ့ စီမံကိန်းလေး တစ်ခု ပဲဖြစ်ဖြစ် ကြီးမားတဲ့စီမံကိန်းပဲဖြစ်ဖြစ် အကောင်ထည်ဖော်တဲ့နေရာမှာ တစ်ဦးပေါ် တစ်ဦးစေတနာထားဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။ လက်တွဲဖော် လက်တွဲ ဘက်တွေအနေနဲ့ အလုပ်လုပ်ဖို့ဖြစ်ပါတယ်။ လက် တွဲဖော်လက် တွဲဘက်ဆိုတာ အားလုံးတကယ် ခိုင်ခိုင်မာမာ တင်းတင်းကြပ်ကြပ် လက်တွဲထားမယ်ဆိုရင် တစ်ယောက်ယိုင်သွားရင် ဘေးကနေပြီးတော့ ဖေးမပေးရမယ်။ အဲဒီလို မဖေးမပေးပဲ နဲ့နေရင် ကို်ယ်ပါယိုင်လဲ သွားနိုင်ပါတယ်။
ပြည်ထောင်စုသား အားလုံးဟာ အောင်မြင်မှုလေးတွေ အသေးစားလေး တွေကိုလည်း နမူနာအဖြစ်နဲ့ ရှေ့မှာထားပြီး တော့ပိုပြီးတော့ ကြီးမားတဲ့ အောင်မြင် မှုများကို ရရှိနိုင်အောင်လို့ လုပ်ဆောင်နိုင်မယ် လို့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ ကျွန်မတို့ အစိုးရကနေပြီး အဓိကထားတဲ့ ရည်ရွယ် ချက်တွေထဲမှာဆိုရင် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလည်းပါ တယ်။ ငြိမ်းချမ်းရေးရရှိရေးလည်းပါတယ်။ ဒီနှစ်ခုဟာလည်း အမြဲဘဲ ဆက်စပ် နေတယ်ဆိုတာ အစိုးရအနေနဲ့ ထပ်တလဲလဲထောက်ပြပါတယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာဟာ ရေရှည်မှာ တည်တံ့ခိုင်မြဲအောင်လုပ်ဖြစ်မှာပါ။ ဖွံ့ဖြိုး တိုးတက်ရေး ရှိမှလဲရပြီးသားငြိမ်းချမ်းရေးကို ကျွန်မတို့ဟာ တည်တံ့ခိုင်မြဲအောင် လုပ်နိုင်မှာပါ။
ကျွန်မတို့နိုင်ငံမှာဆိုရင် ငြိမ်းချမ်းရေးဘက်က ပဲကြည့်ကြည့် ဖွံ့ဖြိုးရေးဘက်က ပဲကြည့်ကြည့် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာ အများသိပြီးသားဖြစ်ပါ တယ်။ လုပ်စရာတွေအများကြီးရှိလို့ စိတ်ဓာတ်ကျစရာမလိုပါဘူး။ လုပ်စရာတွေ အများကြီးရှိလို့ ကျွန်မတို့ကို အားပိုပြီး ရှိအောင်လို့ ဆော်သြပေးတယ် လို့ပဲ ကျွန်မတို့ စိတ်ထဲမှာထားရမှာဖြစ်ပါတယ်။ ကိုယ်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကြီး လေလေ ကိုယ်ထုတ်သုံးရမယ့် အင်အားတွေ များလေလေပဲ။ အင်အားဆိုတာ လည်း မှန်မှန်ကန်ကန်ထုတ်သုံးမှ အရာရောက်မှာပါ။ မမှန်ကန်တဲ့နည်း နဲ့ထုတ်သုံး လိုက်ရင် ဒီအင်အားတွေဟာ အဟောသိကံဖြစ်သွား ရုံတင်မက အန္တရာယ် တောင်မှ ဖြစ်သွားနိုင်ပါတယ်။ ဥပမာတံတား တစ်ခုကိုဆောက်လုပ်လိုက်တယ်။ တံတားတစ်ခုကို ဆောက်လုပ်တဲ့အခါမှာ မှန်မှန်ကန်ကန် သေသေချာချာ တိတိ ကျကျ လိုအပ်တဲ့ အချက်တွေကို မကြည့်ပဲနဲ့ ဆောက်လုပ်လိုက်ရင် နောင်တချိန် တစ်ခါမှာ ဒီတံတားဟာ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ဒီတံတားကို ဖြတ်ကျော်တဲ့ လူတွေအတွက် အန္တရာယ် ဖြစ်လာပါတယ်။
ဒါကြောင့် အလုပ်တစ်ခု လုပ်တယ်ဆိုတဲ့အခါမှာ ကျွန်မတို့ဟာ သေသေချာ ချာစဉ်းစားဆင်ခြင်ပြီးမှ လုပ်ရတယ်။ တကယ်လုပ်အပ်တဲ့ ကိစ္စဆိုတာ အောင်မြင် အောင်လုပ်ရမယ်။ ကျွန်မတို့ဟာ သံန္နိဌာန်ခိုင်မာရမယ်။ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှု ရှိရမယ်။ ကိုယ်နဲ့အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ယုံကြည်မှုရှိရမယ်။ တံတားတစ်ခု တည်ဆောက်တဲ့နေရာမှာ တံတားရဲ့ စီမံကိန်းတွေကိုချပြီးဆွဲတဲ့ ဌာန နဲ့ အကောင်အထည်ဖော်တဲ့ဌာန အချင်းချင်းကြားမှာ ညီညွတ်မှုမရှိဘူး၊ ယုံကြည် မှုမရှိဘူးဆိုရင် ဒီတံတားကို အောင်အောင်မြင်မြင်လုပ်ဖို့ဆိုတာ အင်မတန်မှ အခက် အခဲများပါလိမ့်မယ်။
ရှမ်းပြည်နယ်ဟာ ကျွန်မတို့ နိုင်ငံမှာရှိတဲ့ ပြည်နယ်တွေထဲမှာ လူမျိုးစုပေါင်းစုံ တိုင်းရင်းသားလူမျိုးစု တွေအများဆုံးရှိတဲ့ ပြည်နယ်လို့ပြောရင် မမှား ပါဘူး။ ဒါကြောင့် ရှမ်းပြည်နယ်ဟာ ပြည်ထောင်စု အတွက်စံပြပြည်နယ် တစ်ခုဖြစ် ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံကို အားလုံးတန်းတူညီမျှ ဖွံ့ဖြိုး တိုးတက်စေချင် တယ်။ တချို့နေရာတွေက သိပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ပြီး တချို့ နေရာတွေက ပြတ် ကျန်ခဲ့တယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာ နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဟာ မျှမျှတတ ဆက်ဆံမှု ခံချင်ကြ တာပဲ။ မမျှမတ ဆက်ဆံတယ်လို့ထင်ရင် မကျေနပ်စိတ်တွေပေါ် လာပါတယ်။ ဒီ မကျေနပ်စိတ်တွေပေါ်မှာ အခြေခံပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်နားလည် မှုလွဲမှားတာတွေ ယုံကြည်မှု ပျက်ပြားတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အထူး အလေးထားပြီး တစ်တိုင်းပြည်လုံးမှာ ဒေသတိုင်း ဒေသတိုင်းမှာ တူညီတဲ့ဖွံ့ဖြိုး တိုးတက်မှုရှိနိုင်အောင် ကြိုးစားနေပါတယ်။
ဒါပေမယ့် ပြောသလောက်တော့ မလွယ်ပါဘူး။ တခါတလေ ပထဝီ အနေ အထားအရ၊ သဘာဝအနေအထားအရ တချို့နေရာတွေကတော့ ဖွံ့ဖြိုးတိုးတက်မှု ပိုပြီးတော့ လွယ်ပါတယ်။ တချို့နေရာတွေက ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ရာ အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာဆိုရင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး ပြည်နယ် ဆိုရင် အကြမ်းမျဉ်းအားဖြင့် ချင်းပြည်နယ်လို့ကျွန်မတို့ ပြောလို့ရပါတယ်။ တောင်တန်း တွေထဲ မှာရှိတဲ့ပြည်နယ်ဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး အင်မတန်မှ ခက်ခဲပါတယ်။ ရှမ်းပြည်နယ်က အခက်ခဲဆုံးနေရာ လည်းမဟုတ်ဘူး။ အလွယ်ဆုံး နေရာလည်းမဟုတ်ဘူး။ တစ်နည်းအားဖြင့် ပြောရင် ကြားမှာရှိတယ်။ ကြားမှာရှိတဲ့ နေရာတစ်နေရာလို့ ပြောလို့ရပါတယ်။ အခက်အခဲတွေရှိ သင့်သ လောက်ရှိတယ်။ ဒါပေမယ့် မကျော်လွှားနိုင်တဲ့ အခက်အခဲတွေမဟုတ်ပါဘူး။
ဒီလိုပဲ ရှမ်းပြည် နယ်မှာဆိုရင် မတူတဲ့ ယဉ်ကျေးမှုတွေ၊ မတူတဲ့ ထုံးတမ်း စဉ်လာတွေ၊ မတူတဲ့ သမိုင်းတွေအပေါ်မှာ အခြေခံပြီး ဖွဲ့စည်းထားတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွက် အခက်အခဲတွေရှိပေမယ့်လည်း၊ ဒီအခက်အခဲတွေကို ကျော် လွှားနိုင်တဲ့ အရည်အချင်းတွေလဲရှိတယ်ဆိုတာ နိစ္စဓူဝ မြင်နေရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်နယ်ရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာတွေကို ဖော်ပြပေးနိုင်တဲ့ ပြည်သူ လူထု ဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ အဲဒီ ယုံကြည်ချက်အပေါ်မှာ အခြေခံပြီးတော့လည်း ရှမ်းပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံးဟာ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်မှုတွေသာမက စိတ်ပိုင်းဆိုင်ရာအရ ကျွန်မတို့ရဲ့နိုင်ငံသူ နိုင်ငံသားများ အကြားမှာ စည်လုံးညီညွတ်မှုရှိဖို့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာဟာ လူတိုင်းလိုလားအပ်တဲ့အရာလို့ ထင်ပေမယ့်လည်း လူတိုင်းလူတိုင်းဟာ တကယ်တော့ ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့နေရာမှာ တူကြ တာမဟုတ်ပါဘူး တစ်ချို့တွေက ငြိမ်းချမ်းရေးကို ပိုပြီးတော့ တန်ဖိုးထားပါတယ်။ တစ်ချို့တွေက ငြိမ်းချမ်းရေးထက်ပိုပြီးတော့ တန်ဖိုး ထားတဲ့အရာတွေသူတို့မှာ ရှိပါတယ်။ ကျွန်မတို့အတွက်တော့ ငြိမ်းချမ်းရေးထက်ပိုပြီး တော့တန်ဖိုးရှိတဲ့အရာ ဘာမှမရှိဘူးလို့ ဒီလိုပဲ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေး အပေါ်မှာ အခြေခံပြီးတော့ နိုင်ငံရဲ့ အခြားတိုးတက်မှုကို ကျွန်မတို့ရအောင်ယူ ရမှာပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက်ဆိုရင် တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိ သလို အစိုးရမှာ အဓိကတာဝန်ရှိပါတယ်။
ကျွန်မတို့ အစိုးရတာဝန်ယူခဲ့တဲ့ အချိန်ကနေစပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ လုပ်ဆောင်ပါမယ်လို့ ပြည်သူပြည်သားတွေကို ကတိကဝတ်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်သူပြည်သား တွေကို ပေးခဲ့တဲ့ ကတိကဝတ်ဆိုတာ အမြဲပဲတည်ရမှာပါ။ ကိုယ့်ရဲ့ အသက်ထက်ပိုပြီး တော့ တန်ဖိုးထားရမယ့် ကိစ္စဖြစ်ပါတယ်။ ကတိကဝတ်တစ်ခုကို တကယ်ကိုတည်နိုင် အောင်လုပ်ဖို့ သံန္နိဌာန်မချနိုင်ဘူးဆိုရှိရင် ဒီကတိကဝတ် ကိုမပေးတာပဲကောင်း ပါတယ်။ ကျွန်မတို့ကတော့ ယုံလည်းယုံကြည်တယ် ငြိမ်းချမ်းရေးဆိုတာ ရအောင် လုပ်နိုင်တဲ့ အရာဆိုတာ ယုံကြည်လို့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများကို ငြိမ်းချမ်း ရေးရအောင်လို့ ကြိုးစားပါမယ်လို့ ကတိကဝတ်ပြုခဲ့တာ ပဲဖြစ်ပါတယ်။
ဒါကြောင့် (၂၁)ရာစု ပင်လုံ အစည်းအဝေးကို ကျင်းပပြီးတော့ ငြိမ်းချမ်း ရေးကို ဦးတည်နေတာပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေမယ့် ငြိမ်းချမ်း ရေးကို တည်တံ့ခိုင်မြဲစေမယ့် ဖွံ့ဖြိုးရေးကိုလည်း အဓိကထားပြီးတော့ ထမ်းဆောင် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ခုလိုနေ့မျိုးမှာ ပြည်သူပြည်သားတွေနဲ့အတူ တံတား တစ်ခုရဲ့ ပန္နက်တင်ခြင်း မင်္ဂလာကို ကျင်းပနိုင်ခွင့်ရတာဟာ နိုင်ငံအတွက်တင် မဟုတ်ဘူး လာရောက်ကြတဲ့ သူတွေ တစ်ဦးချင်းတစ်ဦးချင်းအတွက် အင်မ တန်မှ မင်္ဂလာရှိတယ်လို့ ယူဆပါတယ်။ ဒီလိုမင်္ဂလာရှိတဲ့အခမ်းအနားမှာ ဝိုင်းဝန်းပြီး တော့ပံ့ပိုးပေးကြတဲ့ ပြည်သူ ပြည်သား အားလုံးကို လည်းကျေှးဇူးတင်တယ်လို့ ဒီနေရာ ကနေပြောချင်ပါတယ်။
နောက်ပြီးတော့ ဒီတံတားဖြစ်မြောက်ရေးအတွက် နည်းပညာဆိုင်ရာ၊ အလုပ်ပိုင်း ဆိုင်ရာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အဖက်ဖက်ကနေပြီးတော့ ပံ့ပိုးကူညီ ပေးတဲ့ဝ န်ထမ်းများ ပြည်သူ ပြည်သားများအားလုံးကိုလည်း ကျေးဇူးတင်တယ် လို့ပြောချင်ပါတယ်။ ကျေှးှဇူးတင် ထိုက်သူကို ကျေးဇူးတင်ခြင်းဟာ မင်္ဂလာတစ်ပါး ပဲလို့ မင်္ဂလသုတ်ထဲမှာ သင်ရပါ တယ်။ ပြီးတော့ ကျေးဇူးတင်ခြင်းကို ဘာဖြစ်လို့ မင်္ဂလာတစ်ပါးလဲလို့ စဉ်းစားမိတဲ့ အခါမှာ ကျေးဇူးတင်ခြင်းဟာ တန်းဖိုးသိခြင်းပါပဲ ။ ကျွန်မတို့ကို ကူညီတဲ့ သူတွေရဲ့ တန်းဖိုးကို သိလို့ကျေှးဇူး တင်ခြင်းဖြစ်တယ်။ တန်ဖိုး သိခြင်းဆိုတာ လူ့ဘဝမှာ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ ပြီးတော့ အားလုံးဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိမယ်၊ နိုင်ငံတော်တည်တံ့ခိုင်မြဲရေး ငြိမ်းချမ်းရေး တန်ဖိုးကိုလည်း သိမယ်ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ အားလုံးရဲ့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံတော်ကြီး ဖြစ်လာပါမယ်လို့ ပြောကြားလို ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိုင်းတုံမြို့နယ်နှင့် မိုင်းပန် မြို့နယ်တို့မှ ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ဒေသခံတိုင်းရင်းသားများက ရိုးရာဝတ်စုံနှင့် ပန်းစည်းလက်ဆောင် ပြန်လည်ပေးအပ် ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးဟန်ဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့က သံလွင်မြစ်ကူးတံတား(တာဆန်း) တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင်မည့် သတ်မှတ်နေရာအသီးသီးတွင် နေရာ ယူကြပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့် ပန္နက်တော်တင်ပြီး တွင်းတော်ဝန်း ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သံလွင်မြစ်ကူးတံတား (တာဆန်း) တည်ဆောက်ပြီးစီးပါက တွေ့မြင့်ရမည့်ပုံစံအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေး ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသားဒေသခံများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စီမံကိန်းရှုရပ်မှနေ၍ တံတား တည်ဆောက်မည့်နေရာနှင့် ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုသည်။
သံလွင်မြစ်ကူးတံတား(တာဆန်း)သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ရှမ်းပြည် နယ်အရှေ့ပိုင်းအကြား လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော တံတားဖြစ်ပြီး နမ့်စန်-မိုးနဲ- မိုင်းတုံ-မိုင်းဆတ်လမ်းတွင် တည်ရှိကာ နယ်စပ်မြို့ဖြစ်သော တာချီလိတ် မြို့နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသော တံတားဖြစ်ပြီး တံတားတည်ဆောက်ပြီးစီးပါက ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုမြန်ဆန်ချောမွေ့လာမည်ဖြစ်သောကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။